ရိုးမားကို ချစ်လွန်းလို့ အိပ်မက်တွေကိုလဲ စတေးခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ရိုးမား ဂန္တ၀င်ကြီး တော့တီ

ရိုးမားလို့ ခေါ်လိုက်တာနဲ့ ဂန္တ၀င်ကစားသမားကြီး တော့တီကို တွဲပြီး မြင်မိကြသလို၊ တော့တီလို့ ပြောလိုက်တာနဲ့လဲ ရိုးမားဆိုတာလဲ ပါလာပြီးသားပါ။ တော့တီနဲ့ ရိုးမားဟာ ခွဲလို့မရသလို၊ အီတလီသားကြီးကလဲ ကလပ်အသင်းအတွက် 25 နှစ်တိုင်တိုင် ဘယ်အသင်းမှ ပြောင်းရွှေ့ခြင်းမရှိပဲ ပေးဆပ်ကစားခဲ့ပြီး၊ အသက် 40 ရောက်မှာပဲ ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပါတယ်။


မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ တော့တီက သူ့ရဲ့ ကစားသမားဘ၀မှာ ရီးရဲမက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဆုဖလားတွေ အများကြီးရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပုံတွေ၊ ရိုးမားကို ချစ်လွန်းလို့ ဘလွန်းဒီအော် ရဖို့ သူ့ရဲ့ မျှော်လင့်ချက်ကို မြိုသိပ်ထားခဲ့ရပုံတွေကို အခုလို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

“ 2003-04 ဘောလုံးရာသီတုန်းက ရီးရဲဟာ ကျနော့်ကို ခေါ်ယူဖို့အတွက် ကျကျနနနဲ့ကို ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် ကျနော်ကတော့ ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသားနဲ့ ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒါက ဆုဖလားတွေ ရယူဖို့ထက် ကျနော့်ဘ၀မှာ ဂျာစီတစ်ခုတည်းကိုပဲ ၀တ်ဆင်ပြီး ကစားဖို့က ပိုပြီးအရေးကြီးတယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးပါပဲ။


နောက်ဆုံးမှာတော့ ကျနော်ဟာ လူတွေအများကြီးရဲ့ ချစ်ခင်လေးစားမှုတွေ၊ မေတ္တာတရားတွေ အများကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီလေ။ ဒါတွေဟာ ဆုတံဆိပ်တွေ၊ ဖလားတွေ ထက်ကို ပိုပြီးတော့ တန်ဖိုးကြီးမားပါတယ်။ ကျနော်ကိုယ်တိုင်လဲ ရိုးမားအတွက် 101% အထိ ပေးဆပ်ခဲ့သလို၊ ကျနော့်ဘ၀ရဲ့ အရာအားလုံးထက်လဲ ရိုးမားကိုပဲ ဦးစားပေးထားခဲ့တာပါ။

ကျနော် အခုချိန်ထိ တကယ်လွမ်းနေမိတဲ့ တစ်ခုကိုပြောရရင် ဘလွန်းဒီအော်ဆု ပါပဲ။ ရိုးမား မှာ ကစားနေခြင်းက ဒီဆုကို ရဖို့ ရီးရဲ၊ ဂျူဗီ၊ မီလန် တို့လို အသင်းတွေမှာ ကစားသလောက် အခွင့်အရေး မများဘူးဆိုတာ ကျနော် သိပါတယ်။ သူတို့အသင်းတွေက ကမ္ဘာ့ပုံရိပ်မှာ ပိုပြီးတော့ ကြီးမားသလို၊ သူတို့နဲ့အတူ ချန်ပီယံလိဂ်ဖလား နဲ့ အခြား အရေးပါတဲ့ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ရင် ဘလွန်းဒီအော်ဆုရဖို့ မှန်းလို့ရပြီလေ။


ထားပါတော့ ကျနော်က ရိုးမားနဲ့ စီးရီးအေဖလား၊ အီတလီစူပါဖလားနဲ့ ကိုပါအီတာလီယာ ဖလားတွေကိုတောင် ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တောင် အခြားကစားသမားတွေယှဉ်ပြီး ဘလွန်းဒီအော်ဆုကို စိန်ခေါ်နိုင်တဲ့ အနေအထား မရှိခဲ့ပါဘူး။

ကျနော့်ရဲ့ အပြောင်းအရွှေ့တန်ဖိုးလား၊ အခုလက်ရှိ ဈေးကွက် ပေါက်ဈေးနဲ့ဆိုရင်တော့ ယူရို သန်း 200 လောက် ရှိမယ်ထင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရိုးမားနည်းပြဟောင်း စပယ်လက်တီနဲ့ ဖြစ်ခဲ့တဲ့ ပြသနာတွေနဲ့ ပတ်သက်လို့ တော့တီက “ စပယ်လက်တီနဲ့ ပတ်သက်ပြီး ကျနော် ဘာမှ ထုတ်မပြောဘူးသလို၊ ဘယ်တော့မှလဲ ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့် ကစားသမားဘ၀ကို အခြားပုံစံ တစ်မျိုးနဲ့ အဆုံးသတ်ချင်ခဲ့တာပါ။


ကျနော်သာ သူ့ရဲ့ နေရာမှာဆိုရင် ကစားသမားတွေကို ပုဂ္ဂိုလ်ရေးရာတွေ ဦးစားမပါပဲ ဆက်ဆံမိမှာ သေချာပါတယ်။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် ကျနော့်အနေနဲ့ ကစားသမားဘ၀ကနေ ဒါရိုတ်တာ ရာထူးကို ရယူ နိုင်ခဲ့သင့်ပါတယ်။ ကျနော့်မှာ အသင်းချစ်စိတ် အပြည့်ရှိပြီးသလို၊ ကလပ်နဲ့လဲ တစ်သားတည်းဖြစ်နေတယ်၊ ရင့်ကျက်ပြီး စဉ်းစားချင့်ချိန်နိုင်တဲ့ အတွေးအခေါ်လဲ ရှိပြီးသားပါ။ ကျနော်ဟာ ဘောလုံးကွင်းထဲမှာပဲ မွေးဖွားခဲ့တာဖြစ်သလို၊ အဲဒီမှာပဲ ခေါင်းချသွားဖို့ ပြင်ဆင်ထားခဲ့တလေ။

နောက်ထပ် တော့တီလိုမျိုး ရိုးမားမှာ တစ်သက်လုံးနေသွားမယ့် ကစားသမားတွေလဲ ပေါ်လာမှာမဟုတ်တော့ပါဘူး။ ဘောလုံးဟာ ပိုပြီးတော့ စီပွားရေး ဆန်လာပြီဖြစ်တာမို့ လူငယ်ကစားသမားတွေကလဲ ကလပ်မှာပဲ တစ်သက်လုံး နေဖို့ ခက်ခဲလာခဲ့ပါပြီ။ ကျနော်တို့၊ ဒီရော့စီ တို့လို ကစားသမားတွေ နောက်တစ်ကြိမ် ပြန်မြင်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *