ဇနက်ဒင်းဇိဒန်းကို ထုတ်ပယ်နိုင်တယ်ဆိုတဲ့ သတင်းတွေနဲ့ပက်သက်ပြီး ရီးရဲယ်တာဝန်ရှိသူတွေကို ပီအက်ဂျီ နဲ့ ပွဲမတိုင်မီ သတိပေးပြောကြားသွားခဲ့တဲ့ ဂူတီ

ရီးရဲယ်မက်ဒရစ် အသင်းဟာ လာမည့် ဗုဒ္ဓဟူးနေ့မှာတော့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ပွဲစဉ်အဖြစ် ပြင်သစ် အင်အားကြီး ကလပ် ပဲရစ်စိန့်ဂျာမိန်းအသင်း ကို ဘာနေဗျူးမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ရီးရဲယ်မက်ဒရစ်ကွင်းလယ်လူဟောင်းဖြစ်သူ ဂူတီဟာ နည်းပြရာထူးအတွက် စိုးရိမ်စရာအခြေအနေကိုရောက်ရှိနေတဲ့ ဇနက်ဒင်းဇိဒန်းနဲ့ ပက်သက်ပြီး ရီးရဲယ်မက်ဒရစ်အသင်း ကို သတိပေးစကားပြောကြားသွားခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းဟာ ဒီရာသီ လာလီဂါမှာ ရလဒ်တွေဆိုးရွားလျက်ရှိနေပြီး လာလီဂါချန်ပီယံဆုကို ကာကွယ်ဖို့အတွက်ရုန်းကန်နေခဲ့ရကာ ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၇ မှတ်အကွာ တတိယနေရာမှာရပ်တည်နေပါတယ်။ ရီးရဲယ်အတွက် ဒီရာသီ တစ်ခုတည်းသောမျှော်လင့်ချက်ကတော့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ အတွက်ဖြစ်ပြီး အကယ်၍များ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပီအက်ဂျီအသင်းကို သာရှုံးနိမ့်ခဲ့ပါက ဇနက်ဒင်းဇိဒန်းအနေနဲ့ ဘာနေဗျူးမှ ထွက်ခွာရဖို့ ရာခိုင်နှုန်းများနေပါတယ်။

သို့ပေမယ့်လည်း ရီးရဲယ်မက်ဒရစ်ကစားသမားဟောင်း ဂူတီက ရီးရဲယ်တာဝန်ရှိသူတွေအနေနဲ့ ဇိဒန်းအပေါ်စိတ်ရှည်ပေးရန် တောင်းဆိုသွားခဲ့ပြီး ၎င်းရဲ့ အသင်းဖော်ဟောင်း ဇိဒန်းအနေနဲ့ လိုအပ်တဲ့အချိန်ကိုသာပေးမယ်ဆိုရင် ရီးရဲယ်အသင်းလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်လိမ့်လို့ ယုံကြည်နေပါတယ်။
“ချန်ပီယံလိဂ်ဖလား ဟာ ဒီရာသီ ရီးရဲယ်မက်ဒရစ်အတွက် နောက်ဆုံးအခွင့်အရေးပါ။ ဒါပေမယ့် ရီးရဲယ်တာဝန်ရှိသူတွေ ဆင်ခြင်တုံတရားရှိဖို့ ကျွန်တော် မျှော်လင့်ထားပြီး ဒါဟာ ဇနက်ဒင်းဇိဒန်းအတွက် နောက်ဆုံးအခွင့်အရေးတော့ မဖြစ်သင့်ပါဘူး။ သူအသင်းအတွက် ဘာတွေ ဘယ်လို စွမ်းဆောင်ခဲ့သလဲဆိုတာ ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။

ဒါဟာပီအက်ဂျီ နည်းပြအတွက်ဆိုရင်လည်း နောက်ဆုံးအခွင့်အရေးလို့ပြောလို့ရပါတယ်။ လီဂူးဝမ်း ပြင်သစ်ဖလားတွေဟာ ပီအက်ဂျီအတွက် ချန်ပီယံလိဂ်လောက် တန်ဖိုးမရှိပါဘူး။ ဘာရလဒ်ပဲထွက်ထွက် ဇနက်ဒင်းဇိဒန်း ရီးရဲယ်မှာ ဆက်ရှိနေသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလို ခက်ခဲတဲ့အလုပ်ကို တစ်နေ့နေ့တော့ လုပ်သွားချင်ပါတယ်။” လို့ဆိုသွားပါတယ်။

ဂူတီဟာ လာမည့်ဗုဒ္ဓဟူးနေ့ ဥရောပအင်အားကြီးကလပ်တွေဖြစ်ကြတဲ့ ရီးရဲယ်မက်ဒရစ် နဲ့ ပီအက်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဘယ်သူ အသာရမလဲဆိုတာ ခန့်မှန်းသွားခဲ့ပါတယ်။
“ဒီရာသီကတော့ ရီးရဲယ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်အကြောင်းကို စဉ်းစားသွားရမယ့်အချိန်မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အပြင်းအထန်ကြိုးစားသွားမှာ ဖြစ်ပြီး သေချာတာကတော့ သူတို့ဖိုင်နယ်ကို ထပ်မံတက်ရောက်နိုင်ပါလိမ့်မယ်။ ဒီအဆင့်မှာ ရော်နယ်ဒိုဟာ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။ သူဟာပြီးခဲ့တဲ့ နှစ်တုန်းကလည်း ရီးရဲယ်ကို ဖိုင်နယ်ထိတက်ဖို့ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။” လို့ပြောသွား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *