ဘာစီလိုနာသာ ခေါ်ခဲ့မယ်ဆိုရင် ကျွန်တော် သေချာပေါက် ပြန်သွားမှာပါ #ယာယာတိုရေး

လက်ရှိဘောလုံးရာသီအကုန်မှာ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူယာယာတိုရေးက ပြီးခဲ့တဲ့မန်စီးတီး အိမ်ကွင်းနောက်ဆုံးပွဲစဉ်အပြီးမှာတော့ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ချင်ကြောင်း အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။ အသက်(၃၄) နှစ်အရွယ် အိုင်ဗရီကို့စ်ကစားသမား တိုရေးဟာ မန်စီးတီးအသင်းမှာ ဘောလုံးရာသီ (၈)ရာသီကြာ ကစားပေးခဲ့ပြီးနောက်မှာတော့ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းတစ်သင်းဆီထွက်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတင် တိုရေးကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အများအပြားရှိပြီး ကစားသမားကိုယ်တိုင်ကလည်း စိန်ခေါ်မှုရှိတဲ့ ပရီးမီးယားလိဂ်မှာသာ ပြန်ကစားလိုကြောင်း ဝန်ခံထားပါတယ်။

ဒါပေမယ့်လည်း ယာယာတိုရေးက ဘရိုက်တန်နဲ့ ပွဲအပြီးမှာတော့ လာလီဂါမှာ ကစားခဲ့တဲ့ အချိန်တွေကို ပြန်လည်သတိရမိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ “တကယ်လို့ ဘာစီလိုနာသာ ကျွန်တော့်ကို ခေါ်မယ်ဆိုရင် ကျွန်တော် သေချာပေါက် ပြန်သွားမှာပါ၊ မက်ဆီနဲ့ အင်နီယက်စတာတို့ကိုကျွန်တော် အရမ်းသတိရပါတယ်၊ ဘာစီလိုနာအသင်းဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အရေးအပါဆုံး အသင်းဖြစ်ပါတယ်၊ ကျွန်တော့်အနေနဲ့အဲဒီမှာ အတွေ့အကြုံကောင်းတွေ အများကြီးရရှိခဲ့ပါတယ်” လို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ ဘာစီလိုနာကွင်းလယ် ကစားသမား အင်နီယက်စတာအနေနဲ့ လည်း ရာသီကုန်မှာ အသင်းကနေထွက်ခွာတော့မှာဖြစ်ပြီး တိုရေးကတော့ အင်နီယက်စတာနဲ့ ပတ်သက်ပြီး ယခုလို ပြောကြားသွားပါတယ်။

“သူဟာ အထင်ကြီးစရာကောင်းတဲ့ ကစားသမားပါ၊ ကျွန်တော် သူ့ကို မက်ဆေ့ခ်ျပို့ပြီး နှုတ်ဆက်ကြည့်ပါဦးမယ်၊ ကျွန်တော်တို့ နှစ်ယောက်ဟာ တရုတ်ပြည် ဒါမှမဟုတ် အခြားတစ်နေရာမှာ အတူပြန်ဆုံရင် ဆုံကြဦးမှာပါ” လို့ ဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယာယာတိုရေးဟာ မန်စီးတီး အသင်းအတွက် တစ်ပွဲကစားပေးရဖို့ ကျန်ရှိနေသေးပါတယ်။ ယာယာတိုရေးဟာ မန်စီးတီးအသင်းကနေ အောင်မြင်မှုများစွာနဲ့ နှုတ်ဆက်ထွက်ခွာတော့မှာ ဖြစ်ပြီး အသင်းရဲ့ သမိုင်းကြောင်းမှာ အထင်အရှားမှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ “သမိုင်းကြောင်း ကောင်းကောင်းနဲ့ အသင်းကနေထွက်ခွာဖို့က အရေးကြီးပါတယ်၊ ကျွန်တော်ဟာ နောက်ထပ် နှစ်နှစ်လောက် ကောင်းကောင်းကြီး ကစားနိုင်ပါသေးတယ်၊ဘာတွေ ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့” လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *