ပေါင်သန်း(၅၀)တန် ကစားသမား(၄)ဦးလောက် လစ်ဗာပူးလ် ထပ်ဝယ်ရပါမယ်#အယ်လ်ဒါးရစ်ခ်ျ

လစ်ဗာပူးလ် ဂန္တဝင်တိုက်စစ်မှူးဟောင်း ဂျွန်အဲဒါးရစ်ခ်ျက လစ်ဗာပူးလ်အနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ အရည်အသွေးရှိ ကစားသမားအချို့ကို ထပ်မံခေါ်ယူဖို့ ငွေကြေးရင်းနှီးမြုပ်နှံမှု လုပ်ဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ လစ်ဗာပူးလ်အနေနဲ့ နောက်နှစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်ဖို့ ပေါင်သန်း (၅၀) တန် ကစားသမား (၄) ယောက်လောက် ထပ်မံဖြည့်တင်းရဦးမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ယာဂန်ကလော့ရဲ့ လစ်ဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ အတိုင်းအတာ တစ်ခုအထိအောင်မြင်ခဲ့တဲ့အသင်းလို့ဆိုလို့ရပြီး ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ ဇန်နဝါရီလမှာ ဗန်ဒိုက်ကို ပေါင် (၇၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်သလို လာမယ့် ရာသီအကုန်မှာ အသင်းဆီလာရောက်ပူးပေါင်းမယ့်် RB လိုက်ဘ်ဇစ်ကွင်းလယ်လူ ကီတာကိုလည်း ပြီးခဲ့တဲ့ နှစ်ကတည်းက ငွေကြေးအမြောက်အများပေးချေကာ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ဒါပေမယ့်လည်း အယ်လ်ဒါးရစ်ခ်ျကတော့ ယာဂန်ကလော့အနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း (၂၀၀)လောက်ထပ်မံ အသုံးပြုကာ နောင်နှစ်အတွက် အင်အားတောင့်တင်းအောင် ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့မှာ အရံအင်အား သိပ်ပြီး မတောင့်တင်းပါဘူး၊ အထူးသဖြင့် ကွင်းလယ်မှာပေါ့၊ ဝုဒ်ဘမ်းအနေနဲ့လည်း အသင်းက လိုချင်တဲ့ အဆင့်အထိမရောက်သေးပါဘူး၊ ကျွန်တော်တို့ အနေနဲ့ အရည်အသွေးရှိတဲ့ ကစားသမားလေးယောက်လောက် ထပ်မံဖြည့်တင်းရဦးမှာပါ” လို့ Liverpool Echo ကိုပြောကြားသွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း လစ်ဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီကလည်း အသင်းရဲ့ နည်းပြ ကလော့အနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ လူအင်အားထပ်မံဖြည့်တင်းဖို့ လိုအပ်တဲ့ ငွေကြေးတွေ ထောက်ပံ့သွားမယ်လို့ ကတိပေးထားတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ်အနေနဲ့ ဇန်နဝါရီမမှာ ဗန်ဒိုက်ကို ဈေးကြီးပေးခေါ်ခဲ့ပေမယ့်လည်း ကော်တင်ဟိုကို ရောင်းချရာကနေ ငွေကြေးအမြောက်အများပြန်လည်ရရှိခဲ့တာကြောင့် အသားတင်အသုံးစရိတ်ဟာ ပြောသလောက် မများပြားသေးဘူးလို့ ဆိုလို့ရနိုင်ပါတယ်။ BBC Sport ကိုပြောကြားရာမှာ ဂျွန်ဟင်နရီက “ပရိသတ်တွေကတော့အမြဲတမ်းပဲ အသင်းကိုဘယ်သူရောက်လာနိုင်မလဲ၊ ဘယ်သူကတော့ ထွက်ခွာသွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ စိတ်ပူနေကြပါတယ်၊ ကျွန်တော့်အနေနဲ့ ပြောနိုင်တာကတော့ ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာတာနဲ့ အမျှ ချန်ပီယံလိဂ်ဟာလည်း ပိုမိုခက်ခဲနေပါပြီ၊ အဲဒီတော့လာမယ့်နွေရာသီမှာလည်း အပြောင်းအရွှေ့အတွက် ငွေကြေးထပ်မံသုံးစွဲသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *