မန်ယူဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေပါပြီ #ရိုင်ယန်ဂစ်စ်

မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်စ်က လက်ရှိရာသီအကုန်မှာ အဆင့်(၂) နေရာနဲ့ ပြီးဆုံးနိုင်ချေရှိတဲ့ မန်ယူအသင်းဟာ အောင်မြင်ဖို့ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ အချိန်တော်တော်ကြာအထိထိန်းထားနိုင်ခဲ့တဲ့ အပြင် FA ဖလားဗိုလ်လုပွဲကိုလည်း တက်ရောက်ထားတာ ဖြစ်တဲ့အတွက်လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေတယ်လို့ ဂစ်စ် အနေနဲ့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုအနေနဲ့ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်ထိပ်တိုက် ရင်ဆိုင်ရမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူအသင်းအတွက် ဆုဖလားရယူပေးနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာလည်း မန်ယူဟာ ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ အပြင်လက်ရှိရာသီမှာလည်း အသင်းရဲ့အခြေအနေဟာ တိုးတက်မှုတွေရှိလာတယ်လို့ ပြောကြားလိုက်ပါတယ်။ “လက်ရှိရာသီမှာ ဒုတိယနေရာနဲ့ အဆုံးသတ်ပြီး FA ဖလားရရှိမယ်ဆိုရင်တော့ မန်ယူအတွက်က အောင်မြင်တဲ့ နှစ်တစ်နှစ်ဖြစ်သွားမှာပါ၊ သူတို့ဟာ ထိပ်ဆုံးပြန်ရောက်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ၊ယူနိုက်တက် ပရိသတ်အနေနဲ့ အသင်းကို ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်စေချင်သလို ဥရောပမှာလည်း ပြန်လည် ကြီးစိုးစေချင်ပါတယ်၊ အရင်နှစ်ကလည်း သူတို့ဟာ အတိုင်းအတာတစ်ခုထက်ကို ကျော်လွန်ပြီး အောင်မြင်ခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဝေးလ်စ်အသင်းနည်းပြ ရိုင်ယန်ဂစ်စ်ရဲ့ နိုင်ငံကစားသမားတွေဖြစ်တဲ့ လစ်ဗာပူးလ် လူငယ်ကစားသမား ဘန်ဝုဒ်ဘမ်းနဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့ဟာ လက်ရှိရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဂစ်စ်က “ဂါရတ် အတွက် အရေးပါတဲ့ ပွဲစဉ်ပါ၊ ဒီဖလားဟာ သူ့ရဲ့ လေးကြိမ်မြောက် ချန်ပီယံလိဂ်ဖလားဖြစ်လာနိုင်ပါတယ်၊ဘန် အတွက်ကတော့ ဒီအတွေ့အကြုံဟာ အရမ်းကို ကြီးကျယ်မြင့်မြတ်ပါတယ်၊ သူ့ရဲ့ ကစားသမားဘဝ တိုးတက်ဖို့ အတွက် ဒီလိုအတွေ့အကြုံမျိုးတွေက ကောင်းကောင်းကြီး ကူညီပေးနိုင်ပါတယ်၊ ဒီလို ကြီးကျယ်တဲ့ ပွဲမျိုးကို အသင်းကြီးတွေအနေနဲ့ ဘယ်လိုပြင်ဆင်ကြသလဲဆိုတဲ့ အတွေ့အကြုံကို ရရှိတော့မှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *