မန်ယူ၊ လစ်ဗာပူးလ်တို့လို အောင်မြင်တဲ့သမိုင်းကြောင်းရဖို့ ကြိုးစားမယ်ဆိုတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက လက်ရှိဘောလုံးရာသီရဲ့ ချန်ပီယံမန်စီးတီးအနေနဲ့ အင်္ဂလန်နိုင်ငံရဲ့ အကောင်းဆုံးအသင်းဖြစ်လာဖို့ လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားပြီး နောင်နှစ်ဘောလုံးရာသီတွေမှာလည်း နိုင်ပွဲတွေ ရရှိဖို့ လိုအပ်တယ်လို့ အသင်းကို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ယမန်နေ့ မနက်က ကစားခဲ့တဲ့ ဘရိုက်တန်ကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိပြီးတဲ့ ပွဲစဉ်အပြီးမှာတော့ စံချိန်အသစ် သုံးခုထပ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ တစ်ရာသီ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ အသင်းဖြစ်လာပြီး တစ်ရာသီအတွင်း နိုင်ပွဲအများဆုံး ရရှိတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းအမှတ်အများဆုံး ရရှိထားတဲ့ အသင်းလည်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

နောက်တစ်ပတ်မှာလည်း ဆောက်သမ်တန်ကို နိုင်ခဲ့မယ်ဆိုပါက အမှတ် (၁၀၀) ပြည့်မြောက်တော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်းမန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအနေနဲ့ အကောင်းဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်ဖို့ နိုင်ပွဲတွေဆက်တိုက်ရအောင် ကြိုးစားရဦးမှာ ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ “အကောင်းဆုံးဖြစ်လာဖို့ ကျွန်တော်တို့ ထပ်အနိုင်ရရှိဖို့ လိုပါတယ်၊ မန်ယူတို့ လစ်ဗာပူးလ်တို့လိုအောင်မြင်ဖို့ ကျွန်တော်တို့ ဒီထက်ပိုပြီး အနိုင်တွေရရှိရပါမယ်၊ ကျွန်တော်တို့အသင်းအနေနဲ့ သမိုင်းအသစ်ကို ရေးထိုးဖို့ ကြိုးစားရမှာပါ၊ လစ်ဗာပူးလ်အောင်မြင်ခဲ့တဲ့ ၁၉၈၀ ကျော်ကာလတွေ၊ မန်ယူ ကြီးစိုးခဲ့တဲ့ ၁၉၉၀ ကျော်ကာလတွေကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး “ကိန်းဂဏန်းတွေအရ လက်ရှိရာသီဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးနှစ်ဖြစ်ပါတယ်၊ အဲဒီအတွက်လည်း ကျေနပ်ပါတယ်၊ တစ်ရာသီလုံး ကျွန်တော်တို့ ကောင်းမွန်တဲ့ ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်၊ စံချိန်တွေကိုလည်း အများကြီးချိုးနိုင်ခဲ့တဲ့ အတွက်ဂုဏ်ယူရပါတယ်၊ ဒီထက်ပိုပြီး ဂိုးတွေထပ်သွင်းပြီး စံချိန်တွေတင်နိုင်အောင် ဆက်ကြိုးစားသွားဦးမှာပါ၊ နောက်ပွဲကိုလည်း အနိုင်ကစားပြီး အမှတ်(၁၀၀) ရရှိအောင် ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိရာသီရဲ့ ရာသီပိတ်ပွဲစဉ် အဖြစ် ဆောက်သမ်တန်အသင်းနဲ့ လာမယ့် အပတ်မှာ ကစားရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *